လေဖြတ်ဖူးတဲ့သူများရဲ့ နှလုံးကျန်းမာရေး
အဆီအစိမ့်နဲ့ ဆီကြော်တွေစား၊ အထိုင်တွေများပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးကြတဲ့ ဒီခေတ်ကြီးမှာ နှလုံးသွေးကြောကျဥ်းနဲ့ သွေးတိုးရောဂါ ရှိသူတွေလည်း များလာပြီး လေဖြတ်ဖူးသူတွေကလည်း တရိပ်ရိပ်တိုးလာလျက် ရှိပါတယ်။ လေဖြတ်ဖူးတယ်ဆိုတာ နှလုံးကို ထိခိုက်ဒဏ်ရာရခြင်း တစ်မျိုးပါပဲ။
လေဖြတ်တယ်ဆိုရာမှာ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း လေဖြန်းကာ လေးသွား၊ ဆွဲသွားတာ ဖြစ်ဖူးပြီး ပြန်ကောင်းသွားသူတွေ ပါဝင်သလို ပြန်ပြီး မလှုပ်ရှားနိုင်တော့ဘဲ တရွတ်ဆွဲနေသူတွေ၊ အိပ်ယာပေါ်လဲနေသူတွေလည်း ပါဝင်ပါတယ်။
ဘာ့ကြောင့် လေဖြတ်တာလဲ?
လေဖြတ်တာတွေရဲ့ ၈၀% ကျော်လောက်က သွေးကြောပိတ်တာကြောင့် ဖြစ်တာပါ။ သွေးကြောပိတ်ပြီး ဦးနှောက်ကို သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အတွက် လေဖြတ်ခြင်း ဖြစ်ပါတယ်။
လေဖြတ်ဖူးသူတွေမှာ Stroke Heart Syndrome လို့ခေါ်တဲ့ နောက်ဆက်တွဲ နှလုံးပြဿနာတွေ ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ Stroke heart syndrome မှာ ဖြစ်နိုင်တာတွေက…
- နှလုံးသွေးစီးဆင်းမှု ရုတ်တရက်ရပ်ခြင်း (Acute Coronary Syndrome)
- နှလုံးအောင့်ခြင်း (Angina)
- နှလုံးစည်းချက်မမှန်ခြင်း (Atrial Fibrillation, Arrhythmia, Ventricular Fibrillation)
- နှလုံးအမောဖောက်ခြင်း (Heart Attack)
- နှလုံးပျက်စီးခြင်း (Heart Failure) စတာတွေပါ။
လေဖြတ်ဖူးသူတွေဟာ နှလုံးကျန်းမာရေးကို ဂရုမစိုက်ရင် နောက်တစ်ကြိမ် လေဖြတ်နိုင်ခြေလည်း အလွန်များပါတယ်။ သုတေသနတွေအရ လေဖြတ်ဖူးသူတွေရဲ့ ၅၀% ခန့်ဟာ ၅ နှစ်အတွင်း နောက်တစ်ကြိမ် လေဖြတ်နိုင်ခြေ ရှိပါတယ်။
နောက်တစ်ကြိမ် လေမဖြတ်အောင်နဲ့ နောက်ဆက်တွဲ Stroke Heart Syndrome မရအောင် ကာကွယ်ဖို့ဆိုရင်…
- နှလုံးအထူးကုဆရာဝန်၊ ဦးနှောက်နဲ့အာရုံကြောအထူးကု ဆရာဝန်တွေနဲ့ ပုံမှန်ပြသပြီး ရောဂါအခြေအနေအရ လိုအပ်တဲ့ ဆေးကုသမှုတွေ ပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင်ကျဆေး၊ နှလုံးစည်းချက်ထိန်းညှိတဲ့ဆေး၊ သွေးတွင်းအဆီကျဆေး စသဖြင့် ပုံမှန်သောက်ရမယ့် ဆေးတွေကို နေ့စဥ်မပျက်မကွက် သောက်ဖို့ လိုသလို သွေးပေါင်မှန်မှန်ချိန်တာ၊ သွေးတွင်းအဆီနဲ့ သကြားဓာတ် ပမာဏကို စစ်ဆေးတာ၊ ECG ဆွဲတာတွေကို အခါအားလျော်စွာ လုပ်ဖို့ လိုအပ်ပါတယ်။
- နေထိုင်စားသောက်မှုပုံစံ ပြောင်းတာကလည်း နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။ သစ်သီးဝလံတွေနဲ့ အစေ့အဆန်တွေ ပိုမိုစားတာ၊ အဆီများတဲ့ ငါးစားတာ၊ အဆီအစိမ့်နဲ့ ချိုလွန်းငန်လွန်းတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်တာ၊ အိပ်ရေးဝအောင် အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာ၊ အဝမလွန်အောင် ဂရုစိုက်တာ၊ စိတ်ဖိစီးမှုလျော့အောင် တရားထိုင်တာ၊ ယောဂကျင့်တာမျိုးတွေက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
- လေဖြတ်ဖူးသူတွေအတွက် နောက်ထပ် လိုအပ်တာက ပြန်လည်သန်စွမ်းရေးပါပဲ။ ပြန်လည်သန်စွမ်းရေးအတွက် လိုအပ်တဲ့ သီးသန့်လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်တဲ့ Physiotherapist တွေနဲ့ တိုင်ပင်ပြသပြီး စိတ်ရှည်လက်ရှည် လုပ်ပေးဖို့ လိုပါတယ်။
လေဖြတ်ဖူးတာနဲ့ စိတ်ဓာတ်ကျနေဖို့တော့ မလိုပါဘူး။ နှလုံးကျန်းမာရေးကို အမြဲဂရုစိုက်ပြီး အထက်မှာ ပြောခဲ့တဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် နောက်ဆက်တွဲ နှလုံးပြဿနာတွေ၊ ထပ်ပြီး လေဖြတ်တာတွေ မဖြစ်တော့ဘဲ ကျန်းကျန်းမာမာ နေသွားနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်